မန္တလေး နှင့် နယ်သတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

လစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ


ယခုနှစ် နှစ်ဆန်းပိုင်းအတွင်း ဧရာဝတီမြစ်ရေ ရေနည်းအမှတ်အောက်သို့ ကျဆင်းလာပြီး အင်းဝတံတား(စစ်ကိုင်း)နှင့် ဧရာဝတီတံတား(ရတနာပုံ) အနီးရှိ မြစ်ကြောင်းအတွင်း သဲသောင်ဖြစ်ထွန်းမှု ပိုမိုများပြားသည်ဟု သိရှိရ PDF Print E-mail
       ယခုနှစ် ဇန်န၀ါရီလ ပထမအပတ်အတွင်း ဧရာဝတီမြစ်ရေသည် ရေနည်းအမှတ်အောက်သို့ ကျဆင်းလာပြီး အင်းဝတံတား(စစ်ကိုင်း)နှင့် ဧရာဝတီတံတား(ရတနာပုံ) အနီးရှိ မြစ်ကြောင်းအတွင်း သဲသောင်ဖြစ်ထွန်းမှုမှာ ယခုနှစ်တွင်း ပိုမိုများပြား သည်ဟု သိရှိရသည်။
      ''ဧရာဝတီမြစ်ဟာ ဖေဖော်ဝါ ရီလ ပထမအပတ်အတွင်းမှာ သူ့ရဲ့ရေနည်းအမှတ်ဖြစ်တဲ့ ၁၇၀ စင်တီမီတာအောက်ကို ကျဆင်းလိမ့်မယ်လို့ နေပြည်တော်မိုး/ဇလဌာနက ထုတ်ပြန်ထားပါတယ်။ ဒါကြောင့်လည်း မြစ်ရေတင်လုပ်ငန်းတွေ ခက်ခဲနိုင်တယ်လို့ ကြေညာချက်မှာဖော်ပြထားတယ်။ အခုလက်ရှိရေအမှတ်က ၁၈၁ စင်တီ မီတာရှိတယ်။ နောက်ထပ် ၁၅ စင်တီ မီတာ ဆက်လက်ကျဆင်းမယ်လို့ ခန့်မှန်းထားတယ်''ဟု စစ်ကိုင်းမြို့ မိုး/ဇလဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။
တံတားနှစ်စင်းအနီး သဲသောင်ထွန်းမှုမှာ ယခုနှစ်အတွင်း ပိုမိုများပြားလာခဲ့သည်ဟု သိရှိရပြီး ယခင်နှစ်များထက် ပိုမိုခဲ့သည်ဟုသိရသည်။
       ''အရင်နှစ်တွေကထက် သဲ သောင်ထွန်းတာပိုမိုတယ်။ အင်းဝတံတား(စစ်ကိုင်း)ရဲ့ တံတားတိုင်တွေရဲ့ တစ်ဝက်လောက်အထိ သဲသောင်တွေ ရှိနေတယ်။ အရင်နှစ်တွေက အဲဒီလို မတွေ့ဖူးဘူး''ဟု စစ်ကိုင်းမြို့ ဒေသခံ တစ်ဦးက ပြောကြားခဲ့ပါသည်။ 
ဧရာဝတီမြစ်သည် ၁၉၇၀ ပြည့်နှစ် ဖေဖော်ဝါရီလအတွင်းက ၁၂၉ စင်တီမီတာအထိ ကျဆင်းခဲ့ဖူးသည်ဟု သိရှိရပါသည်။
       ''ဧရာဝတီရဲ့ အထက်ပိုင်းဒေသတွေနဲ့ ဧရာဝတီအတွင်းစီးဝင်တဲ့ မြစ်တချို့မှာရွှေကျင်တဲ့လုပ်ငန်းတွေ ရှိလာတော့ အနည်ကျမှုများလာတယ်။ မြစ်ဆုံမှာဆိုလည်း မလိခ ဘက်မှာရေက တော်တော်နောက်နေတယ်။ ရေဝေရေလဲဒေသတွေမှာရှိတဲ့ သစ်တောတွေ နည်းပါးလာတယ်။ သစ်တောတွေမရှိတော့ ရေကိုထိန်းသိမ်းပေးနိုင်မှု မရှိတော့ဘူး။ မြစ် အထက်ပိုင်းမှာလည်း သဲသောင်ဖြစ်ထွန်းမှုက တော်တော်များလာတယ်။ စစ်ကိုင်းတောင် ပတ္တမြားစေတီပေါ် ကလှမ်းကြည့်လိုက်ရင် သဲသောင်ပြန့်ကြီးတွေမြင်နေရတယ်''ဟု နယ်သတင်းထောက် တစ်ဦးကပြောကြားခဲ့သည်။
       ''ရေအရင်းအမြစ်တို့ကတော့ ရေစစ်မျဉ်းလို့ခေါ်တယ်။ ကျွန်တော်တို့ မိုး/ဇလကတော့ ရေနည်းသတိပေးအမှတ်လို့ ခေါ်တာပေါ့။ ရေနည်းကာလ သတ်မှတ်ချက်ကိုတော့ နိုဝင်ဘာလကနေ မတ်လအထိ သတ်မှတ်တယ်။ ဧပြီလဆို ရေကစပြီး ကစားတယ်။ တစ်ခါတလေမှာတော့ ထူးထူးခြားခြား ဖေဖော်ဝါရီလမှာ ဖြစ်တတ်တယ်။ ရေခဲပျော်တာတို့၊ အခါမဲ့မိုးတို့ ဖြစ်လာရင် ဖေဖော်ဝါရီလမှာ ရေစကစားတယ်''ဟုစစ်ကိုင်းမြို့မိုး/ဇလ ဌာနမှ တာဝန်ရှိသူက ဆက်လက်ပြော ကြားခဲ့ပါသည်။
       ''ဧရာဝတီမြစ်ရေက ဆက်လက်ကျမယ်ဆိုရင်တော့ မြစ်ရေတင်လုပ် ငန်းတွေမှာ အခက်တွေ့နိုင်ပါတယ်။ ဒါတွေကိုဂရုစိုက်ရပါမယ်။ ဒီဘက် ဒေသတွေက တချို့နေရာတွေဆို မြစ်ရေကိုပဲအားထား အသုံးပြုနေရတာ။ စိုက်ပျိုးရေးအတွက်ကိုလည်း မြစ်ရေတင်လုပ်ငန်းတွေကိုပဲ အားထားနေရတာ။ သီးနှံစိုက်ပျိုးမှုအတွက် မြစ်ရေကို အားထားရပါတယ်''ဟု စစ်ကိုင်းဒေသအတွင်းမှ တောင်သူတစ်ဦးက ပြောကြားခဲ့ပါသည်။
 

Comments

 
0 #1 mks19764 2010-02-04 22:13
်အရင်းအမြစ်တွေကိုထိန်းသိမ်းဖို့ ဆိုတာ သက်ဆိုင်၇ာအစိုး ၇အပြင် နိုင်ငံသူနိုင်ငံသားတိုင်းကပါထိ န်းသိမ်းဖို့တာဝ န်၇ှိပါတယ်
သက်ဆိုင်၇ာအစိုး ၇ကလည်းသမာသမတ်ကျ ကျ စနစ်တကျထိန်းသိမ်းပြမှအများကလည်း လေးစားလာမှာပါ---အုပ်ချုပ်သူဆိုတာကလည်း ပြည်သူထဲကပြည်သူ မို့ အပြန်အလှန်
တာဝန်၇ှိပါတယ်