ပြည်တွင်းသတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

လစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ


ကလေးသူငယ်များ စွမ်းအားရှင် ဗီဒီယိုအခွေနှင့် ဂိမ်းများတွင် ပါဝင်သော ဇာတ်ကောင်ပုံစံများအတိုင်း အတုခိုးပြုလုပ်ခြင်းကြောင့် ထိခိုက်ဒဏ်ရာရရှိမှုများအပြင် စိတ်ပိုင်းဆိုင်ရာ ပြဿနာများကြုံတွေ့ PDF Print E-mail
     ယနေ့ခေတ် ကလေးသူငယ် များတွင် သဘာဝလွန်ကဲကာ ကွန်ပျူတာပညာရပ်များဖြင့် ဖန်တီးပြုလုပ်ထားသော ပါဝါရစွမ်းအားရှင် ဗီဒီယိုအခွေနှင့် ဂိမ်းများမှ ဇာတ်ကောင်များအတိုင်း အတုခိုးပြုလုပ်လာခြင်းကြောင့် ထိခိုက်ဒဏ်ရာ ရရှိမှုများအပြင် စိတ်ပိုင်းဆိုင်ရာပြဿနာများ ကြုံတွေ့ရလာနိုင်ကြောင်း စိတ်ပညာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် နှင့် ကျန်းမာရေးပညာရှင်အချို့က ပြောကြားခဲ့ပါသည်။
    ယခုအခါ ရုပ်သံဇာတ်လမ်းတွဲများတွင် သာမက ဗီဒီယိုအခွေများ၊ ဂိမ်းများတွင် နင်ဂျာ၊ ပါဝါရိန်းဂျား၊ စူပါမင်း၊ ပင့်ကူလူသား အစရှိသည့် ကလေးသူငယ်ကြိုက် ဖန်တီးပြုလုပ်ထားသည့် အခွေများအား စွဲမြဲစွာ ကြည့်ရှုခြင်းများကြောင့် နောင်တွင် ကျန်းမာရေးဆိုင်ရာ နောက်ဆက်တွဲ ဖြစ်ရပ်များရှိလာကြောင်း သိရှိရပါ သည်။
    ကလေးသူငယ်များဟု ဆိုရာ၌  ရှစ်နှစ်အောက် ကလေးငယ်များနှင့်  မိမိကိုယ်ကို ဂရုပြုနေထိုင်ဆင်ခြင်နိုင်သော အရွယ်မရောက်ရှိသေးသည့် ကလေးသူငယ်များ၌ ယင်းဇာတ်လမ်းတွဲများမှ ဇာတ်ကောင်စရိုက်များ  အတိုင်း အတုခိုးပြုလုပ်နေမှုများ ရှိနေခြင်းကြောင့် ကလေးသူငယ်အချို့ မှာ ဆေးခန်းများတွင် ထိခိုက်ဒဏ်ရာ အများဆုံးအဖြစ် ရောက်ရှိလာကြကြောင်း မြောက်ဒဂုံမြို့နယ်မှ အထွေထွေရောဂါကု ဆရာဝန်တစ်ဦးက ရှင်းပြ ခဲ့ပါသည်။
    အချို့သော ကလေးသူငယ်များတွင် ယင်းကဲ့သို့ ဂိမ်းများအား ငယ်စဉ်ချိန်မှပင် စတင်ကာ စွဲမြဲစွာကစားလာခဲ့သည့်အတွက် စိတ်ပိုင်းဆိုင်ရာ ရောဂါရရှိလာခဲ့သည့် ဖြစ်ရပ်များ လည်းရှိကြောင်း အငြိမ်းစား စိတ် ကျန်းမာရေး အထူးကုဆရာဝန်ကြီး ဒေါက်တာအုန်းမောင်က ပြောကြားခဲ့ပါသည်။
    ''ဆင်ခြင်တုံတရား မရှိနိုင်သေးတဲ့ ကလေးသူငယ်တွေမှာ ဒီလိုလူစွမ်းကောင်း အခွေတွေကြည့်ပြီး အဲဒီဇာတ်ကောင်စရိုက်အတိုင်း တကယ်လုပ်နိုင် တယ်ထင်ပြီး လှေကားတွေပေါ်က ခုန်ချတာတို့ ဖြစ်တတ်ကြတယ်။ ပြီးတော့ ကိုယ်ရည်ကိုယ်သွေးပိုင်းနိမ့်တဲ့ ကလေးမျိုးတွေမှာ ငယ်စဉ်က ဒီစိတ်မျိုးတွေ စွဲလန်းပြီးအရွယ်ရောက်တဲ့အခါမှာ အများနဲ့ကင်းကွာနေ မယ်။ လူတိုင်းအပေါ် အနိုင်ကျင့်လွှမ်း မိုးလာမယ်။ ဒါကလည်း ကလေးတိုင်းတော့ မဟုတ်ပေမယ့် Personality ညံ့တဲ့သူတွေမှာ တွေ့ရတတ်ပါ တယ်''ဟု ဒေါက်တာအုန်းမောင်က သုံးသပ်ခဲ့ပါသည်။
    ယင်းကဲ့သို့ ဖြစ်စဉ်များရှိလာခြင်းသည် မိဘများပေါ်တွင်လည်း များစွာမူတည်မှု ရှိနေပေရာ ကလေးသူငယ်များ ယင်းဇာတ်လမ်းတွဲ ကြည့်လျင် ငြိမ်နေသည်ဟု အထင်ဖြင့် ဂရုမပြုဘဲ လွှတ်မထားသင့်ကြောင်း ဒေါက်တာအုန်းမောင်က ဖြည့်စွက် ပြောကြားခဲ့ပါသည်။
    တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်သူ မိဘတစ်ဦးက''ကျွန်မကလေးက ပါဝါရိန်းဂျားအခွေတွေ၊ စူပါမင်းအခွေတွေကို အရမ်းကြိုက်တာ။ တစ်နေ့တော့ သူက အဲဒီထဲက ဇာတ်ကောင်တွေအတိုင်း ၀တ်စုံဝတ် ပြီး အိမ်ပေါ်ထပ်လှေကားက ခုန်ချမယ် လုပ်လို့ မနည်းပြောပြထားရတယ်။ သူနဲ့ တစ်တန်းတည်း အတူတက်တဲ့ ကလေးတွေထဲမှာလည်း အဲဒီလိုဖြစ်ရပ်တွေ မကြာခဏတွေ့ရပြီး တချို့ ကလေးတွေဆို ခြေကျိုး၊ လက်ကျိုး ခဏခဏဖြစ်ကြတယ်''ဟု ပြောပြခဲ့ပါသည်။
    ထို့ပြင် အချို့သော ကလေးများ တွင် ဂိမ်းကစားမှု များပြားခြင်းမှ မျက်လုံးတွင်း အလင်းရောင်ပြန်ဟပ်မှုများ ဖြစ်ပေါ်ကာ အတက်ရောဂါ ဖြစ်ပေါ်ခြင်းများကြောင့် စိတ်ရောဂါ ကုသမှုခံယူနေသူများတွင် တွေ့မြင်နေရကြောင်းကိုလည်း စုံစမ်းသိရှိရပါသည်။