|
ဒီမိုကရေစီစနစ်၏ အဓိက သွင်ပြင်လက္ခဏာတစ်ခုမှာ ကာလ အပိုင်းအခြားတစ်ခု သတ်မှတ်ပြီး ဥပဒေပြုရေး၊ အုပ်ချုပ်ရေးကဏ္ဍများအတွက် ရွေးကောက်ပွဲများ ပုံမှန်ကျင်းပပေးခြင်း ပင်ဖြစ်သည်။ အလားတူ ဒီမိုကရေစီစနစ်၏ နောက်ထပ်လက္ခဏာတစ်ခု မှာ သတင်းမီဒီယာများ၏ အခန်းကဏ္ဍကို အရေးထားမှုပင်ဖြစ်သည်။ မီဒီယာအဖွဲ့အစည်းများ၏ တာဝန် ရွေးကောက်ပွဲတစ်ခုတွင် မီဒီယာများ အနေဖြင့် ပြည်သူကို နိုင်ငံရေးပါတီများနှင့် အရွေးချယ်ခံ ကိုယ်စားလှယ်များအကြောင်း၊ ယနေ့နိုင်ငံနှင့် ပြည်သူများအတွက် အရေးကြီးသည့် မူဝါဒဆိုင်ရာများ (Issues) နှင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ထုံးလုပ်နည်း များဆိုသည့် အကြောင်းအရာသုံးခု နှင့်ပတ်သက်ပြီး အသိပေးရမည့် တာဝန်ရှိသည်။ ထိုကဲ့သို့ အသိပေးရာတွင် မီဒီယာများအနေဖြင့် တိကျ မှန်ကန်မှု၊ ဘက်မလိုက်မှု၊ မိမိရေးသားသည့် သတင်းအပေါ်အပြည့်အ၀ တာဝန်ယူမှုတို့နှင့် ပြည့်စုံရန် လိုအပ်ပါသည်။
ရွေးကောက်ပွဲသတင်း၊ နိုင်ငံရေး သတင်းများကို ရေးသားတင်ပြရာတွင် သတင်းထောက်များအနေဖြင့် လိုက်နာစောင့်ထိန်းသင့်သည့် ကျင့်ဝတ်များနှင့် ပတ်သက်ပြီး အဖွဲ့အစည်း အတော်များများက ရေးသားထုတ် ပြန်ထားခဲ့ပြီးဖြစ်သည်။ သို့သော်ဓနသဟာယအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် Manoah Esipisu ကမူ ဓနသဟာယနိုင်ငံများတွင် ပြုလုပ်သည့်ရွေးကောက်ပွဲများ၏ အတွေ့အကြုံအရ သတင်းသမားကကျင့်ဝတ်ကို လိုက်နာဖို့ထက် ထိုသတင်းသမားများကို ခန့်အပ်ထားသည့် မီဒီယာအဖွဲ့အစည်းများ၏ ကျင့်ဝတ်လိုက်နာမှုပိုပြီး အရေးကြီးသည်ဟု ဆိုသည်။ ၄င်းက ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အများပြည်သူပိုင် မီဒီယာလုပ်ငန်းများ၊ ပုဂ္ဂလိက ပိုင်မီဒီယာလုပ်ငန်းများတွင် ပိုင်ရှင်များ၊ ထိပ်ပိုင်းအဆင့်စီမံခန့်ခွဲသူများ၏ အယ်ဒီတာအဖွဲ့နှင့် သတင်းထောက်များအပေါ် သြဇာသက်ရောက်မှုမှာ အလွန်ကြီးမားလှသောကြောင့် အဖွဲ့အစည်း၏ ကျင့်ဝတ်ပိုင်းဆိုင်ရာ လိုက်နာမှုကပိုပြီး အရေးကြီးခြင်း ဖြစ်သည်ဟု ဆို၏။ Manoah Esipisu က မီဒီယာအဖွဲ့အစည်း များအနေဖြင့် သတိပြုသင့်သည့် အချက်များကို အောက်ပါအတိုင်း ဖော်ပြခဲ့သည်-
၁။အယ်ဒီတာအဖွဲ့အနေဖြင့်သတင်း အချက်အလက်(Fact)နှင့် သဘော ထားမှတ်ချက်(Comment)ကို တိတိကျကျခွဲခြား သတ်မှတ်ထားသင့် သည်။ အယ်ဒီတာအဖွဲ့၏ သဘောထားကို ထင်ဟပ်စေသော ရေးသားချက်များကို သတင်းတွင်ထည့်သွင်း ခြင်းမပြုသင့်။ အယ်ဒီတာ့အာဘော် နှင့်ဆောင်းပါးများတွင်သာ ဖော်ပြသင့်သည်။ ၂။အများပြည်သူပိုင်( Publicly Owned) မီဒီယာများအနေဖြင့်မူ ပုဂ္ဂိုလ်တစ်ဦး၊ ပါတီတစ်ခုကို အသားပေးသော၊ ထိခိုက်နစ်နာစေသော ဆောင်းပါး များ၊ အယ်ဒီတာ့အာဘော်များကို ရေးသားခြင်းမပြုသင့်ပါ။ ဘက်မလိုက်သည့် မူဝါဒကို တိတိကျကျ ကျင့်သုံးသင့်ပါသည်။ ၃။ နိုင်ငံရေးကြော်ငြာများကို လက်ခံခဲ့လျင် ပါတီအားလုံးအတွက် တစ်ပြေးညီလက်ခံရမည်။ ကြော်ငြာနှုန်းနှင့် မူဝါဒများကို ခွဲခြားသတ်မှတ် လက်ခံခြင်းမပြုသင့်ပါ။ ၄။ ပါတီအားလုံး၊ ရွေးကောက်ပွဲဝင် သူအားလုံးအပေါ်တူညီသောသတင်း ဖော်ပြမှုများပြုလုပ်ရပါမည်။ ၅။ မဲဆန္ဒရှင်များ၏ သဘောထား နှင့်အမြင်များကိုလည်း ထင်ဟပ် ဖော်ပြပေးရပါမည်။ ၆။ ပါတီတစ်ခု၊ ပုဂ္ဂိုလ်တစ်ဦးက ၄င်းအနေဖြင့် သိက္ခာထိခိုက်အောင် ရေးသားဖော်ပြခြင်းခံရသည်ဟု ထင်မြင်လျင် ထိုပါတီ၊ ထိုပုဂ္ဂိုလ်၏ ဖြေရှင်းချက်ကို အမြန်ဆုံးပြန်လည် ဖော်ပြပေးရမည်။ လိုအပ်လျင် မီဒီယာအဖွဲ့အစည်း၏ တောင်းပန် ချက် သို့မဟုတ် အမှားပြင်ဆင်ချက် ကိုဖော်ပြပေးရမည်။ ၇။ အာဏာရပါတီ ၊ အစိုးရ၊ လွှတ်တော်အမတ်များ၏ သတင်းထုတ်ပြန်ချက်များ၊ သတင်းစာရှင်းလင်းပွဲများသည် အခြားရွေးကောက်ပွဲဝင်မည့်ပါတီ၊ ပုဂ္ဂိုလ်များနှင့်ပတ်သက်ပြီး အငြင်းပွားဖွယ် သတင်းအချက်အလက်များ ပါဝင်ခဲ့လျင်ကာယကံရှင်၏ ပြန်လည်ဖြေရှင်းချက်ကို ဖော်ပြပေးရမည်။ (Right of Reply)။ ထိုသို့ ဖော်ပြရာတွင် ဖြစ်နိုင်သမျတူညီသည့် အခွင့်အရေးကို ပေးရမည်။ ( Equal Time or Space Rules) ။
သဘောတရားနှင့်လက်တွေ့
စတုတ္ထမဏ္ဍိုင်အဖြစ် ရပ်တည်မည့်မီဒီယာများအနေဖြင့် ဘက်မလိုက်ဘဲ သတင်းများကို ရေးသားတင်ပြရမည်ဟု ဆိုသော်လည်း သာမန်ပုထုဇဉ်မျှသာ ဖြစ်သော မီဒီယာသမားများ အနေဖြင့်မိမိခံစားချက်၊ မိမိယုံကြည်ချက်ကို လျစ်လျူရှုပြီး ဘက်မလိုက်ဘဲ ရေးသားတင်ပြဖို့ဆိုသည်မှာ လွယ်ကူလှသည်တော့မဟုတ်ပေ။ အမေရိကန် နိုင်ငံတွင် သြဇာတိက္ကမကြီးမားလှ သည့် ၀ါရှင်တန်ပို့စ် သတင်းစာပင် လျင် အထက်ပါအဖြစ်မျိုးနှင့် မကင်းခဲ့သည်ကို တွေ့ရသည်။
၂၀၀၈ အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ဒီမိုကရက်သမ္မတလောင်း အိုဘားမားနှင့် ရီပတ်ဘလီကင် သမ္မတလောင်းဂျွန်မက်ကိန်းတို့ ယှဉ်ပြိုင်ခဲ့သည်။ အမေရိကန် သတင်းစာလောကမှ သတင်းထောက်များ၊ အယ်ဒီတာများမှာ လစ်ဘရယ် အယူအဆရှိသူ အများစုဖြစ်ရာ ဂျွန်မက်ကိန်းလို ကွန်ဆားဗေးတစ်တွေပေါ် အမြင်မကြည်လှ။ ထိုသဘောထား က ၀ါရှင်တန်ပို့စ်၏ သတင်းဖော်ပြ ချက်များတွင် ထင်ဟပ်နေသည်။ သမ္မတရွေးပွဲအတွက် အပြိုင်အဆိုင် မဲဆွယ်နေသည့် ဇူလိုင်နှင့် သြဂုတ်လများတွင် ၀ါရှင်တန်ပို့စ်သတင်း စာရှေ့မျက်နှာဖုံးသတင်းအဖြစ် ဖော်ပြခံရမှု၌ အိုဘားမားက(၃၅) ကြိမ်ဖော်ပြခံရပြီး မက်ကိန်းက (၁၃)ကြိမ်သာဖော်ပြခံရသည်။ သတင်းစာတစ်စောင်လုံးတွင် ဖော်ပြ မှုအနေဖြင့်မူ အိုဘားမားက (၁၄၂) ကြိမ်ရှိပြီး မက်ကိန်းက(၉၆)ကြိမ် သာရှိသည်။ သတင်းဓာတ်ပုံဖော်ပြ မှုတွင်အိုဘားမားက (၁၂၂)ကြိမ်ရှိပြီး မက်ကိန်းက(၇၈)ကြိမ်သာရှိခဲ့သည်။ ၀ါရှင်တန်ပို့စ်သတင်းအယ်ဒီတာ အဖွဲ့က ၄င်းတို့အနေဖြင့် သတင်း တန်ဖိုးအပေါ်မူတည်ပြီး ဖော်ပြခဲ့ခြင်းသာဖြစ်ကြောင်း ကာကွယ်ပြောကြားခဲ့သော်လည်း ထိုကဲ့သို့ သတင်းဦးစား ပေးဖော်ပြမှုများက မဲဆန္ဒရှင်များ၏ အမြင်အပေါ်အကျိုးသက်ရောက်မှု ရှိသည်ကတော့ အမှန်ပင်ဖြစ်သည်။
ထို့ပြင် သက်ဆိုင်ရာပါတီများ၊ နိုင်ငံရေးသမားများကလည်း ခြိမ်းခြောက်ခြင်း၊ ဖိအားပေးခြင်း၊ လာဘ်လာဘ ဖြင့်၊ အခြားနည်းများဖြင့် စည်းရုံး သိမ်းသွင်းခြင်းစသည့် နည်းမျိုးစုံ ဖြင့် မီဒီယာများ၏ ထောက်ခံမှု၊ မျက်နှာသာပေးရေးသားမှုတို့ကို ရအောင်အစဉ်တစိုက်လုပ်ဆောင်လျက် ရှိနေရာ မီဒီယာသမားများရင်ဆိုင်ရ သည့် ဖိအားများမှာ မနည်းမနောပင် ဖြစ်သည်။ ထို့ကြောင့် မီဒီယာများအနေဖြင့် ဘက်လိုက်မှုမရှိ၊ မျှတစွာ သတင်းရေးသားဖော်ပြရမည် ဆိုသော်လည်း သဘောတရားနှင့်လက်တွေ့ တစ်ထပ်တည်းဖြစ်ဖို့ ဆိုသည်မှာ အတော်ခက်ခဲ့သော ကိစ္စပင်ဖြစ် သည်။ အထူးသဖြင့် လူမျိုးရေး၊ နိုင်ငံရေးပဋိပက္ခ အခြေအနေများနှင့် နှစ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ရသော၊ တင်းကျပ်သည့် ဗဟိုဦးစီးစနစ်ဖြင့် အုပ်ချုပ်မှုအောက်တွင် နှစ်များစွာ နေထိုင်ခဲ့ရသော နိုင်ငံများတွင် ဗဟုဝါဒသို့ ကူးပြောင်းပြီး ရွေးကောက် ပွဲများကျင်းပသည့်အခါမီဒီယာများ ၏တာဝန်မှာ ပိုပြီးခက်ခဲကြီးမား သည်ဟု ဆိုနိုင်ပါသည်။
စစ်အေးခေတ်လွန်ကာလတွင် တစ်ပါတီစနစ်၊ ဗဟိုမှ တင်းကျပ်စွာ ချုပ်ကိုင်သည့် စနစ်များကို ကျင့်သုံး ရမှာ ဗဟုဝါဒကို ပြောင်းလဲကျင့်သုံး ခဲ့သည့်နိုင်ငံများ၏ မီဒီယာလောက သည်ထူးခြားသော အခြေအနေသုံးခုနှင့် ရင်ဆိုင်ရသည်ဟု လေ့လာသူ များကဆိုကြသည်။ ပထမအခြေအနေမှာ ထိုနိုင်ငံများတွင် မီဒီယာ ကဏ္ဍမှာတင်းကျပ်သော ထိန်းသိမ်း ကွပ်ကဲမှုအောက်တွင် ကာလကြာရှည်စွာ နေထိုင်ခဲ့ရခြင်းကြောင့် နိုင်ငံ ရေးသတင်းများ၊ ရွေးကောက်ပွဲ သတင်းများတင်ပြမှုနှင့် ပတ်သက်ပြီး အတွေ့အကြုံနည်းပါးလှခြင်းဖြစ် သည်။ ဒုတိယအခြေအနေမှာ ထို နိုင်ငံများမှ မီဒီယာသမားများအနေဖြင့် မိမိဘာသာလိုက်နာစောင့်ထိန်းရသည့် ကျင့်ဝတ်ပိုင်းဆိုင်ရာများနှင့် အကျွမ်းဝင်မှုအားနည်းခြင်းဖြစ်သည်။ တတိယ အခြေအနေမှာ ထိုနိုင်ငံများမှ ပြည်သူများမှာ သတင်းထိန်းချုပ်မှု များပြားသည့် အခြေအနေအောက်တွင် ကာလကြာမြင့်စွာနေထိုင်ခဲ့ရသောကြောင့် သတင်းထူးသတင်းဦး မှန်သမျှကို စိတ်ဝင်စားပြီး ယုံလွယ်ကြခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် သတင်းများအပေါ် အမှားအမှန် ကွဲ ခြားနိုင်မှုနည်းပါးခြင်းပင်ဖြစ်သည်။ ထိုအခြေအနေများကြောင့် အသွင်ကူးပြောင်းဆဲနိုင်ငံများ၏ ရွေးကောက်ပွဲကာလများတွင် မီဒီယာများကလည်း သတင်းထူးရင်ပြီးရောဆိုသည့် သဘောဖြင့် သတင်းများကို ဖော်ပြ ရာမှ လူမျိုးရေးဘာသာရေးပဋိပက္ခ များ၊ နိုင်ငံရေးအဓိကရုဏ်းများ ဖြစ်ပွားခဲ့ရသည်ကို အမြဲတမ်းကြုံတွေ့ရ ခြင်းဖြစ်သည်။ ထိုအခါ မီဒီယာများ၏ စတုတ္ထမဏ္ဍိုင်အခန်းကဏ္ဍမှာ လည်းထိခိုက်နိမ့်ပါးသွား ပြန်သည်။
ထိုအခြေအနေမျိုးကို ကာကွယ်ရန်အတွက် တောင်အာဖရိကနိုင်ငံတွင် မူမီဒီယာများ၏ ရွေးကောက်ပွဲဆိုင်ရာသတင်းများနှင့် ပတ်သက်သည့် ကျင့်ဝတ်များကို ထိန်းသိမ်းကြပ်မတ်ရန်အတွက် ( Indepent Communications Authority of South Africa , ICASA ) ကို ဖွဲ့စည်းထား ပြီး မီဒီယာများ၊ နိုင်ငံရေးပါတီ များနှင့် ရွေးကောက်ပွဲကော်မရှင်တို့ နှင့် ညှိနှိုင်းပြီးစည်းကမ်းများ သတ်မှတ်ပေးသည်။ စင်ကာပူ၊ မလေးရှားတို့တွင်မူ မီဒီယာများမှ လိုက်နာရမည့်အချက်များကို ဥပဒေဖြင့် သတ်မှတ်ပေးသည်။ ထိုင်းလိုနိုင်ငံတွင်ပင်လျင် နိုင်ငံရေးပါတီဆိုင်ရာ ဥပဒေတွင်ပါတီများက မီဒီယာ များပေါ်မှ ပြောကြားချက်များနှင့် ပတ်သက်ပြီး လိုက်နာရမည့်အချက် များကို ထည့်သွင်းဖော်ပြထားသည် ကို တွေ့ရပြန်သည်။ အနောက် ဒီမိုကရေစီနိုင်ငံများကတော့ ဒီလို ထိန်းချုပ်တာမျိုးတွေကို မကြိုက်လှ။ မည်သို့ပင်ဖြစ်စေ ဒီမိုကရေစီကျင့် စဉ်များမခိုင်မာသေးသည့် လူ့အဖွဲ့ အစည်းများတွင် မီဒီယာများ၏ ကျင့်ဝတ်နှင့်ပတ်သက်ပြီး အတိုင်း အတာတစ်ခုအထိ စောင့်ကြည့်ထိန်းကျောင်းပေးမည့် စနစ်တစ်ခုလိုအပ်သည်ကတော့ အမှန်ပင် ဖြစ်သည်။ သို့သော် ထိုကဲ့သို့ ထိန်းကျောင်းမှု များသည် ဒီမိုကရေစီနှင့်ရွေးကောက်ပွဲ၏ အနှစ်သာရကို မထိခိုက်စေဘဲ ပိုမိုကောင်းမွန်သည့် အခြေအနေ တစ်ခုဖြစ်ပေါ်အောင် ဆောင်ရွက်ဖို့ဆိုသည်ကတော့ သက်ဆိုင်ရာ လူ့ အဖွဲ့အစည်း၏ ထူးခြားသော ၀ိသေသလက္ခဏာများ အပေါ်မူတည်ပြီး တာဝန်ရှိသူများ၊ မီဒီယာများ၊ နိုင်ငံရေးပါတီများအားလုံး ပူးပေါင်း ဆောင်ရွက်ရမည့်အလုပ်သာ ဖြစ်ပါသည်။
မှီငြမ်းပြုစာစောင်များ
၁။Eyes of Democracy by Manoah Esipisu and Issac E Khaguli, Commonwealth Secretariat ၂။Obama's edge in the coverage race by Deborah Howell ၃။ Media and Election by Ross Howard, IMPACS
|
Comments
ပိုပြီး fresh ဖြစ်သင့်တယ်...
တိုင်းပြည်ရဲ့ စတုတ္ထမဏ္ဍိုင် မဟုတ်လားဗျာ။ ပြည်သူတွေရဲ့ မျက်မှန်မဟုတ်လားဗျာ။ ညာနေ၊ ညှာနေရင်တော့ ညံ့တဲ့လူမျိုးတွေပဲ ဖြစ်လာမှာ။