ပြည်တွင်းသတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

လစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ


မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံဖြင့်ကုန်သွယ်မှု လျင်မြန်စွာတိုးတက် တရုတ်၊ထိုင်းနှစ်နိုင်ငံနှင့် ကုန်သွယ်မှု ကျန်နိုင်ငံများထက် သိသာစွာမြင့်မား PDF Print E-mail

 

     မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ နှစ်နိုင်ငံကုန်သွယ်မှု နှစ်စဉ်တိုးမြင့်လာလျက်ရှိရာ ဒေသတွင်း နိုင်ငံများထဲ၌ မြန်မာနိုင်ငံနှင့် အများဆုံးကုန်သွယ်မှုပြုလုပ်နေသော ထိုင်းနိုင်ငံအား ကျော်လွန်သွားနိုင်ဖွယ် ရှိကြောင်း သုံးသပ်မှုများအရ သိရှိရသည်။

 
    ၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးနှစ်တွင် ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၂ ဒသမ ၆၂၆ ဘီလျံရှိခဲ့ သော တရုတ်-မြန်မာ ကုန်သွယ်မှု မှာ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၉၀၇ ဘီလျံရရှိလာ၍ လက်ရှိတွင် မြန်မာနိုင်ငံနှင့် အများဆုံးကုန်သွယ်နေသော ထိုင်းနိုင်ငံအား ကျော်လွန်တော့မည်ဖြစ်သည်။


    ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ် ဇန်န၀ါရီလအထိ ထိုင်း-မြန်မာ ကုန် သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂ ဒသမ ၄ ဘီလျံ ရှိကာ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ တင်ပို့မှုပမာဏ အမေရိကန်ဒေါ်လာ ၂ ဒသမ ၁ ဘီလျံ ရှိပြီး တင်သွင်းမှုပမာဏ အမေရိကန် ဒေါ်လာ သန်း ၃၀၀ ရှိကြောင်း သိရသည်။


    ထိုင်းနိုင်ငံသည် ကုန်သွယ်မှုတွင် အများဆုံးဖြစ်သကဲ့သို့ ကုန်သွယ်ရေးအသာစီးရနေသော နိုင်ငံလည်းဖြစ်ကြောင်း၊ ၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ၏ ကုန်သွယ်မှုပမာဏမှာ ၃ ဒသမ ၀၅ ဘီလျံရှိပြီး မြန်မာ နိုင်ငံမှတင်ပို့မှုပမာဏ၂ ဒသမ ၆၅၅ ဘီလျံရှိကာ ထိုင်းနိုင်ငံမှ ပြန်လည်တင်သွင်းသည့် ပမာဏ ၃၉၈ ဒသမ ၂၈ သန်းရှိကြောင်းနှင့် မြန်မာဘက်မှ ၂ ဒသမ ၂၅ ဘီလျံ ကုန်သွယ်မှု အသာစီးရခဲ့ကြောင်း သိရှိရသည်။


    ''ထိုင်းဟာမြန်မာနဲ့ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုမှာအများဆုံးလုပ်နေတဲ့ နိုင်ငံဖြစ်သလိုအများဆုံးတင်ပို့ နေရတဲ့နိုင်ငံပါ။ အစဉ်အလာအရ ထိုင်းပြီးရင် စင်ကာပူ၊ တရုတ်၊ အိန္ဒိယ၊ ဟောင်ကောင်၊ မလေးရှား၊ ဂျပန်၊ တောင်ကိုရီးယားနဲ့  အင်ဒိုနီးရှားတို့ လိုက်လာတာပါ။ အခု နောက်ပိုင်းတော့ တရုတ်နိုင်ငံနဲ့ ကုန်သွယ်မှုက အရမ်းများလာတယ်။ ၂၀၀၅-၂၀၀၆ မှာတစ်ဘီလျံမပြည့်တဲ့ အခြေအနေကနေ ငါးနှစ်အတွင်း သုံးဘီလျံဝန်းကျင်ရနေတဲ့အတွက် တော်တော်လေးတက်လာတာပါ'' ဟု ပြည်ထောင်စုမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း အတွင်းရေးမှူးချုပ် ဒေါက်တာမောင်မောင်လေးက ပြောကြားသည်။


    ကုန်သွယ်ရေးပမာဏမြင့်မား လာသော်လည်း မြန်မာနိုင်ငံအနေဖြင့် ကုန်သွယ်ရေးလိုငွေပြနေဆဲဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏အဓိကပို့ကုန်များကိုမူ အာဆီယံနိုင်ငံများထဲတွင်ထိုင်း၊ စင်ကာပူ၊ မလေးရှား နိုင်ငံများသို့ အဓိကတင်ပို့လျက်ရှိကြောင်းနှင့် အာဆီယံနိုင်ငံများသို့ စုစုပေါင်းတင်ပို့မှု၏ ၄၀ ရာခိုင်နှုန်း ရှိကြောင်း သိရှိရသည်။


    မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့မူ ရေထွက်ပစ္စည်း၊ စိုက်ပျိုးရေးထုတ် ကုန်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ သဘာဝဓာတ်ငွေ့၊ ကျွန်းသစ်၊ ကျောက်စိမ်း၊ ကြေးနီ၊ သစ်မာများ အများဆုံးတင်ပို့နေရကြောင်း သိရသည်။ တရုတ်နိုင်ငံသို့မူ နယ်စပ် ကုန်သွယ်ရေးနည်းလမ်းဖြင့် တင်ပို့မှုသာများနေပြီး လာမည့်နှစ်ပိုင်းအတွင်း ရခိုင်ကမ်းလွန်ရှိ ရွှေသဘာဝဓာတ်ငွေ့သိုက်မှ ဓာတ်ငွေ့များထုတ်လုပ် ရောင်းချပါက ထိုင်းနိုင်ငံထက်ကျော် လွန်သွားနိုင်ဖွယ်ရှိကြောင်း၊ အဆိုပါ ဓာတ်ငွေ့သိုက်တွင် သဘာဝဓာတ်ငွေ့ကုဗပေ ၄ ဒသမ ၅ မှ ၇ ဒသမ ၇ ထရီလျံကြား ရှိနိုင်ကြောင်းနှင့် တစ်နေ့လျင် ကုဗပေသန်းပေါင်း ၅၀၀ အထိ ထွက်ရှိနိုင်မည်ဖြစ်ကာ ၂၅ နှစ်မှ နှစ် ၃၀ အတွင်းထုတ်ယူနိုင် မည်ဖြစ်ကြောင်း၊ ၂၀၁၃ ခုနှစ် မေလ တွင် တရုတ်နိုင်ငံသို့စတင်တင်ပို့နိုင်မည်ဟု ယူဆကြောင်းသိရှိရသည်။


    ၂၀၀၈ ခုနှစ်ကုန်အထိ စာရင်းများအရ တရုတ်နိုင်ငံအနေဖြင့်သတ္တု တူးဖော်ရေးကဏ္ဍများတွင် ၈၆၆သန်း စွမ်းအင်ကဏ္ဍတွင် ၂၈၁ သန်း၊ ရေနံ နှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ၁၂၄ သန်း ရင်းနှီးမြှုပ်နှံထားကြောင်းနှင့် မြန်မာနိုင်ငံ၌တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမှာ အဆင့် ၄ တွင်ရှိနေကြောင်း သိရှိရသည်။ အလားတူပင် မူဆယ်နယ်စပ်ကုန်သွယ်ရေးမှာ အများဆုံးကုန်သွယ်မှုဖြစ်နေသော ကုန်သွယ်ရေးစခန်းဖြစ်ပြီး ဆန်၊ ပဲ၊ ပြောင်း၊ နှမ်း၊ သစ်သီးနှင့် ရေထွက်ပစ္စည်း များ၊ ကျောက်မျက်နှင့်သစ်တော ထွက်ပစ္စည်းများ အဓိကတင်ပို့နေရ ကာတရုတ်နိုင်ငံမှ သံ၊ စတီး၊ ဆောက် လုပ်ရေးပစ္စည်း၊ စက်ပစ္စည်း၊ ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်း၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်း၊ အိမ်သုံးပစ္စည်းနှင့် အခြားသတ္တုကုန် ကြမ်းများတင်သွင်းလျက်ရှိကြောင်း သိရှိရသည်။

၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးနှစ်တွင် ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၂ ဒသမ ၆၂၆ ဘီလျံရှိခဲ့သော တရုတ်-မြန်မာ ကုန်သွယ်မှုမှာ ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၉၀၇ ဘီလျံရရှိလာ၍ လက်ရှိတွင် မြန်မာနိုင်ငံနှင့် အများဆုံးကုန်သွယ်နေသော ထိုင်းနိုင်ငံအား ကျော်လွန်တော့မည်ဖြစ် . . .


    ရေအားလျပ်စစ်ကဏ္ဍတွင် ကချင်ပြည်နယ်၊ ဧရာဝတီမြစ်ဆုံရေကာတာမှ လျပ်စစ်ဓါတ်အား ၆၀၀၀ မဂ္ဂါဝပ်ထုတ်လုပ်ကာတရုတ်နိုင်ငံသို့ တင်ပို့သွားမည်ဖြစ်ပြီး ဧရာဝတီမြစ် ပေါ်တွင် ရေကာတာခုနစ်ခုဆောက် လုပ်ရေးစီမံချက်၏ ပထမဆုံးစီမံချက် ဖြစ်ကြောင်းသိရသည်။ ထို့အတူ ရွှေလီမြစ်ပေါ်တွင် တည်ဆောက် ထားသည့် နန့်ခမ်းမြို့အနီး ရွှေလီ ရေအားလျပ်စစ်ကို ၂၀၀၉ ခုနှစ် သြဂုတ်လမှ စတင်ထုတ်လုပ်ခဲ့ပြီး စုစုပေါင်းဓာတ်အား၏ ၅၀ရာခိုင် နှုန်းအား တရုတ်နိုင်ငံသို့ တင်ပို့ ပေးနေပြီဖြစ်ကြောင်း သိရှိရသည်။ အလားတူပင် ဧရာဝတီမြစ်ဆုံ ရေအားလျပ်စစ်စီမံကိန်းအား CPI  ခေါ်  တရုတ်စွမ်းအင်ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း၊ စွမ်းအင်ဝန်ကြီးဌာန နှင့် အေးရှားဝေါလ်ကုမ္ပဏီတို့က အကောင်အထည်ဖော်နေကြောင်း သိရှိရသည်။


    ထို့အတူ ရှမ်းပြည်နယ် သံလွင်မြစ် အထက်ပိုင်း ကွမ်းလုံဒေသတွင် တရုတ်နိုင်ငံနှင့် ဒုတိယအကြီးဆုံး ရေအားလျပ်စစ်စီမံကိန်းတစ်ခုတည် ဆောက်ရန် သဘောတူစာချုပ်ချုပ် ဆိုခဲ့ကြောင်း၊ ယင်းစီမံကိန်းအား အမှတ်(၁)လျပ်စစ်စွမ်းအားဝန်ကြီး ဌာန၊ တရုတ်နိုင်ငံ Energy Holding Group Ltd. တို့က စာချုပ်ချုပ်ဆိုကြပြီး လျပ်စစ်ဓာတ်အား ၂၄၀၀ ကီလိုဝပ်ထုတ်လုပ်နိုင်မည် ဖြစ်ကာ တရုတ်နိုင်ငံအတွက် သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် စီမံကိန်းဖြစ်ကြောင်းနှင့် ပထမစီမံကိန်းမှာ တာဆန်းရေကာတာစီမံကိန်းဖြစ်ကြောင်း၊ လက်ရှိအခြေအနေ တွင် တရုတ်နိုင်ငံအနေဖြင့် အမေရိကန်ဒေါ်လာ ၆ ဘီလျံရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားပြီး လျပ်စစ်ဓာတ် အား ၇၁၀၀ ကီလိုဝပ် ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။


    ယင်းအခြေအနေများကြောင့် မြန်မာနိုင်ငံ၏အဓိက ကုန်သွယ်ဘက်နှင့် အဓိကရင်းနှီးမြှုပ်နှံမှုအကြီးမား ဆုံးနိုင်ငံအဖြစ် ထိုင်းနှင့်စင်ကာပူတို့ တည်ရှိနေရာမှ ယင်းနေရာသို့ တရုတ်နိုင်ငံ ရောက်ရှိလာနိုင်ကြောင်း သုံးသပ်ချက်များအရ သိရှိရသည်။


    ၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးနှစ် တွင်မူ ဧပြီလမှဒီဇင်ဘာလအထိ မြန်မာ နိုင်ငံ၏နိုင်ငံခြားကုန်သွယ်မှုပမာဏ သန်း ၈၅၀၀ ရှိသောကြောင့် ယင်း ပမာဏမှာ ၂၀၀၇-၂၀၀၈ ဘဏ္ဍာ ရေးနှစ် အလားတူကာလတွင် ရရှိ သောကုန်သွယ်မှုပမာဏ သန်း ၇၀၀၀ ထက် သိသိသာသာမြင့်မားလာ ကြောင်း၊ ပင်လယ်ရေကြောင်းကုန် သွယ်မှုတွင်မူထိုင်းနိုင်ငံသည် မြန်မာ နိုင်ငံအတွက်ထိပ်ဆုံးမှ ရှိနေသေးပြီး အိန္ဒိယက ဒုတိယနေရာတွင်ယူထားကြောင်း၊ တရုတ်နှင့် ဟောင်ကောင်သို့လည်း ပို့ကုန်ပမာဏမြင့်တက်လာကြောင်း သိရှိရသည်။


    မြန်မာနိုင်ငံ၏ သွင်းကုန်ပိုင်း တွင်မူ တရုတ်က ပထမ၊ ထိုင်းက  ဒုတိယ၊ စင်ကာပူက တတိယ၊ တောင်ကိုရီးယားက စတုတ္ထနှင့် မလေးရှားက ပဉ္စမတို့ဖြင့် အသီးသီးရပ်တည်နေပြီး ပို့ကုန်ပိုင်းတွင်မူထိုင်းနိုင်ငံသို့ အများဆုံးတင်ပို့နိုင်ကာ ယင်းနောက်တွင် အိန္ဒိယ၊ တရုတ်၊ ဂျပန်နှင့် အီးယူနိုင်ငံများသို့ တင်ပို့နေကြောင်း သိရှိရသည်။ ရင်းနှီးမြှုပ်နှံမှုပိုင်းတွင်မူ ၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးနှစ်အထိ တရုတ်၏ ရင်းနှီးမြှုပ်နှံမှုပမာဏ ၁ ဒသမ ၃၃၁ ဘီလျံရှိပြီးစင်ကာပူ၏ ရင်းနှီးမြှုပ်နှံမှုမှာအမေရိကန်ဒေါ်လာ ၉၈၅ သန်းရှိကြောင်း သိရှိရသည်။


    ထိုင်းနိုင်ငံအနေဖြင့်မူ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင်ဒေါ်လာ ဘီလျံနှင့်ချီ၍ ရင်းနှီးမြှုပ်နှံထားပြီး သံလွင်မြစ်ရေအားလျပ်စစ်စီမံကိန်း တွင် အမေရိကန်ဒေါ်လာ ၆ ဘီလျံ အထိ ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားကြောင်းနှင့် ရင်းနှီးမြှုပ်နှံမှုပမာဏအား ၇ ဒသမ ၇၈ ဘီလျံမှ ၁၃ ဒသမ ၈ ဘီလျံအထိ တိုးမြှင့်ရန်ရည်ရွယ်ထားကြောင်းလည်း  သိရှိရသည်။


    ယင်းကဲ့သို့ ဒေသတွင်းနိုင်ငံများ ၏ ရင်းနှီးမြှုပ်နှံမှုပမာဏ မြင့်တက်လာသကဲ့သို့ အခြားတစ်ဖက်၌ ကုန်သွယ်ရေးကဏ္ဍတွင်မူ တရုတ်နိုင်ငံ၏ ကုန်သွယ်မှု ပိုမိုမြင့်တက်လာနိုင်ကြောင်း သုံးသပ်မှုများရှိနေကြသည်။